စိတ်ဒုက္ခပေးတဲ့ချစ်သူကို ဖြတ်ဖို့ဆုံးဖြတ်ရခက်နေတဲ့အခါ ဒီအချက် (၅)ချက်ကို စဉ်းစားပါ

ကိုယ့်ချစ်သူကို ဘယ်လောက်ချစ်ချစ် အချစ်ရေးမှာ အဆင်မပြေတာတွေ များလာတဲ့အခါ သူနဲ့ပြတ်စဲချင်လာပါတယ်။ ဒါပေမယ့် အချိန်အကြာကြီး တွဲခဲ့တဲ့ချစ်သူမို့ လွယ်လွယ်နဲ့ မပြတ်နိုင်ပေမယ့် သူ့ရဲ့ အပြုအမူတွေကို သည်းမခံနိုင်တော့တဲ့အခါ ရှေ့ဆက်ရမလား၊ ပြတ်ရမလား စဉ်းစားရခက်နေပါတယ်။ ဒီလိုအခြေအနေမျိုးဖြစ်နေတယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို ဒီမေးခွန်းလေးတွေ မေးကြည့်လိုက်ပါ။

(၁) သူနဲ့အတူရှိတဲ့အချိန် ပျော်နေလား

သင့်အနေနဲ့ သင့်ချစ်သူက သင့်အပေါ် မကောင်းဘူးဆိုတာ သိပြီးပေမယ့် မပြတ်နိုင်ဖြစ်နေတယ်၊ သူက ကိုယ့်အပေါ်ကောင်းခဲ့တာတွေလည်းရှိတာပဲလို့ တွေးမိနေတယ်ဆိုရင် သူနဲ့အတူရှိတဲ့အချိန်ပျော်နေလား လို့ ဆက်တွေးကြည့်လိုက်ပါ။ တကယ်လို့ ဘယ်လောက်ပဲစိတ်ညစ်စရာတွေများများ သူနဲ့အတူရှိနေချိန်မှာတော့ ပျော်နေသေးတယ်ဆိုရင် ဆက်တွဲဖို့ အဆင်ပြေနိုင်ပါသေးတယ်။

(၂) သူ့ရဲ့အပြုအမူတွေက အခုတစ်မျိုးတော်ကြာတစ်မျိုးဖြစ်နေလား

အခုပဲ သင့်အပေါ် နားလည်တဲ့အမူအရာမျိုးဖြစ်လိုက်၊ နောက်နေ့ကျတော့ ပြဿနာရှာလိုက်၊ ဒီနေ့ပဲ ကိုယ့်ကို စိတ်မ၀င်စားတော့သလို အေးတိအေးစက်နေပြီး နောက်နေ့ကျ မင်းမျက်နှာလေး မမြင်ရရင် သေပါတော့မယ် ဆိုတာမျိုးတွေ လုပ်တတ်ပါသလား။ ဒီလိုဆိုရင်တော့ သင့်အနေနဲ့ သူ့အပေါ်မှာ စိတ်မနှစ်ထားသင့်တော့ပါဘူး။

(၃) သူ့ဆီမှာ သင့်အတွက်ပေးစရာ ဘာမှမရှိတော့တာမျိုးဖြစ်နေလား

လူတစ်ယောက်က ကိုယ့်ချစ်သူအတွက် အရာအားလုံးပေးဆပ်ရမယ်လို့မဆိုလိုပါဘူး။ ဒါပေမယ့် ကိုယ်ချစ်ပါတယ်လို့ ပြောထားတဲ့ ကိုယ့်ချစ်သူကို ပျော်ရွှင်အောင် လုပ်ပေးနိုင်လား၊ စိတ်ညစ်စရာတွေနဲ့တွေ့တဲ့အချိန်မှာ အားပေးဖေးမနိုင်လား၊ တခြားသူတွေရဲ့ အတိုက်အခိုက်တွေကို ကာကွယ်ပေးနိုင်လား၊ ကိုယ့်အတွက် အချိန်ပေးနိုင်လား စသဖြင့် စဉ်းစားရမှာပါ။ အပေးအယူသဘောမျိုး မဟုတ်ပေမယ့် သူ့ဘက်က ကိုယ့်အတွက် ဘာမှမပေးနိုင်တော့ဘူးဆိုရင်တော့ ရှေ့ဆက်လက်တွဲဖို့ မစဉ်းစားသင့်တော့ပါဘူး။

(၄) စိတ်ညစ်စရာတွေဖြစ်နေတာဘယ်လောက်များနေပြီလဲ

သူနဲ့ပတ်သက်လို့ ကိုယ့်ဘက်မှာ စိတ်ညစ်ရတာတွေ ဘယ်လောက်များနေပြီလဲ၊ ပြုပြင်ပါမယ်လို့ပြောပြီး ထပ်ခါထပ်ခါ စိတ်ညစ်အောင် လုပ်တာတွေဘယ်လောက်များနေပြီလဲဆိုတာ စဉ်းစားကြည့်ပါ။ စိတ်ညစ်စရာတွေ နှစ်ရှည်လများဖြစ်နေတယ်ဆိုရင်တော့ ပြတ်မယ်ဆိုရင်ပြတ်လို့ရနေပါပြီ။

(၅) စိုးရိမ်ကြောင့်ကြစိတ်တွေပိုများနေလား

သင့်အနေနဲ့ ဒီအချစ်ရေးမှာလည်း မပျော်ရွှင်တော့ဘူး၊ ဒါပေမယ့် ဒီအချစ်ရေး ပြိုကွဲပျက်စီးသွားမှာကိုလည်း အရမ်းကြောက်နေမိတယ်၊ သင့်ဘက်က အမှားကြောင့် တစ်ခုခုဖြစ်လာမှာကြောက်နေတယ်၊ သင့်အနေနဲ့ ဒီအချစ်ရေးအတွက် တစ်ချိန်လုံး စိုးရိမ်ကြောင့်ကြစိတ်တွေပဲဖြစ်နေရတယ်ဆိုရင်တော့ လုံးဝရှေ့မတိုးသင့်တော့ပါဘူး။

Leave a Reply

Your email address will not be published. Required fields are marked *