မိန်းကလေး BFF တွေ မကြာမကြာ ခရီးထွက်ပေးခြင်းက အသက်ရှည်ကျန်းမာစေကြောင်း တွေ့ရှိ…

ချစ်တဲ့သူတွေနဲ့ အတူတူအချိန်ကုန်ဆုံးရတာဟာ ဘဝရဲ့ ပျော်စရာအကောင်းဆုံး အချိန်တွေပါပဲ။ လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်ဖို့အတွက်ဆိုရင် မိသားစုတွေနဲ့ အချိန်ကုန်ခြင်းဟာ အကောင်းဆုံး ဆေးဖြစ်ပါတယ်။ မကြာသေးခင်က သုတေသနတစ်ခုရဲ့ လေ့လာတွေ့ရှိချက်မှာတော့ ခင်မင်ရင်းနှီးတဲ့ မိန်းကလေးသူငယ်ချင်းအုပ်စုတွေဟာ ကျန်းမာရေးပိုပြီးကောင်းမွန်တာကို တွေ့ရှိခဲ့ရပါတယ်။

The Harvard Women’s Health blog ရဲ့ဖော်ပြချက်အရ မိန်းကလေးသူငယ်ချင်းအုပ်စုနဲ့ ခင်ခင်မင်မင်၊ ရင်းရင်းနှီးနှီး အတူတူမကြာခဏတွေ့ဆုံပေးခြင်းဟာ ကျန်းမာစေပြီး အစား၊ အအိပ်မှန်စေတဲ့အပြင် ပိုမိုလှပလာစေပါတယ်။

တစ်ယောက်တည်းအနေများတဲ့သူတွေ၊ အပေါင်းအသင်းနည်းတဲ့သူတွေဟာ စိတ်ကျရောဂါတွေအပြင် လူမှုရေးအားနည်းတာ၊ အသက်တိုတာတွေလည်းဖြစ်တတ်ပါတယ်။ စိတ်ဖိစီးမှုများလာပြီး သွေးကြောတွေကို သက်ရောက်လာနိုင်တာကြောင့် ကျန်းမာရေးကိုလည်း ထိခိုက်လာစေပါတယ်။

စိတ်ပညာရှင်တွေရဲ့ပြောကြားချက်အရ လူတစ်ယောက်နဲ့တစ်ယောက်ကြားက ခင်မင်မှု၊ ပေါင်းသင်းဆက်ဆံရေးဟာ လူတစ်ယောက်ရဲ့ ဘဝမှာ အရမ်းကိုအရေးကြီးတယ်ဆိုတာကို တွေ့ရှိခဲ့ပါတယ်။ ဒါတင်မကပဲ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး နေထိုင်ခြင်းဖြင့် သင့်ခန္ဓာကိုယ်ထဲက oxytocin လို့ခေါ်တဲ့ ဓာတ်ကို တိုးပွားလာစေပြီး တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ယုံကြည်မှုတွေ၊ သူငယ်ချင်းကောင်းပီသမှုတွေနဲ့ သဘောထားကြီးခြင်းတွေကို ပိုမိုများပြားလာစေပါတယ်။ နောက်ပြီး ပေါင်းသင်းဆက်ဆံရေးလည်း ပိုကောင်းလာပါတယ်။

Michigan State University မှ စိတ်ပညာရှင်တစ်ဦးဖြစ်သူ William Chopik ရဲ့အဆိုအရ သူငယ်ချင်းကောင်းတွေနဲ့ အတူတူရှိခြင်းက ကျန်းမာရေးကို ပိုကောင်းလာစေတဲ့အပြင်၊ အကျင့်စာရိတ္တကိုပါပိုကောင်းလာစေလို့ သူငယ်ချင်းကောင်းတွေကို အချိန်ပေးသင့်ကြောင်း ပြောကြားခဲ့ပါတယ်။

Forbes ရဲ့ တင်ပြချက်အရ မိန်းကလေးအုပ်စုလိုက် ခရီးသွားခြင်းဖြင့် စိတ်ဖိစီးမှုတွေ၊ စိတ်ဓာတ်ကျတာတွေ၊ စိတ်ပင်ပန်းတာတွေကို လျော့ကျသွားစေတဲ့အပြင် ချစ်သူ၊ အိမ်ထောင်ဖက်တွေနဲ့လည်း ပိုအဆင်ပြေကြောင်း တွေ့ရှိရပါတယ်။ အိမ်ထဲကအိမ်ပြင်မထွက်ပဲ နေတတ်တဲ့မိန်းကလေးတွေမှာ နှလုံးရောဂါဖြစ်နိုင်ခြေပိုများတဲ့အပြင် နှလုံးရောဂါနဲ့ သေဆုံးသူတော်တော်များများဟာလည်း ဒီလိုမိန်းကလေးတွေဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်ရဲ့ BFF မိန်းကလေးတွေနဲ့အတူတူ မကြာမကြာခရီးထွက်ပေးတာ၊ ချိန်းတာ၊ လည်ပတ်တာမျိုးလေးတွေကို ပြုလုပ်ပေးခြင်းဖြင့် အသက်ရှည်ပြီး စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ပါ ကျန်းမာနိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *