ပုရိသတွေ ပစ်ကြွေရလောက်တဲ့ မိန်းကလေးမျိုးဆိုတာ ဒီလိုပါ ……

ယောက်ျားလေးတွေ သဘောကျမယ်လို့ထင်တဲ့ မိန်းကလေးတွေရဲ့အမြင်နဲ့ ယောက်ျားလေးတွေရဲ့ တကယ့်အမြင်တွေဟာ တကယ်တော့ တော်တော်လေး ကွာခြားပါတယ်။ ဒါကြောင့်ပဲ ကိုယ်က ကိုယ့်ကိုသဘောကျမယ်အထင်နဲ့ ကြိုးစားလိုက်တာမျိုးတွေက ယောက်ျားလေးတွေရဲ့အမြင်မှာတော့ မထော်မနန်းဖြစ်သွားတတ်တာပါ။ ပုရိသတွေ သဘောကျတဲ့ မိန်းကလေးတို့ရဲ့ ပုံစံလေးတွေကတော့ …

အချိန်အခါကောင်းကိုသိခြင်း

မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ်သဘောကျတဲ့ ယောက်ျားတစ်ယောက်ကို တွေ့ပြီဆိုရင်တောင် အချိန်အခါသင့်တဲ့ အချိန်တစ်ခုကို စောင့်ဆိုင်းသင့်ပါတယ်။ သူ့ဘက်ကရော ကိုယ့်ကို ဘယ်လိုသဘောထားလည်းဆိုတာ အခြေအနေကြည့်ပြီးမှ ကျန်တာကို ရှေ့ဆက်တိုးသင့်ရင် တိုးပါ။ အဲ့လိုမဟုတ်ဘဲ သဘောကျမိသွားတာလေးနဲ့ အတင်းကြီး ရေလာမြောင်းပေးလုပ်တာ၊ ဒါမှမဟုတ် တွဲကာစအခြေအနေလေးကို ချက်ချင်းကြီး လက်ထပ်ကြတော့မယ့်ပုံစံမျိုးတွေ လုပ်တာဟာ သန်မာသတ္တိရှိလှပါသော မဟာပုရိသတွေကို ကြောက်လန့်ပြီး ထွက်ပြေးချင်စိတ် ဖြစ်စေပါတယ်။

မိန်းကလေးအချင်းချင်း မကောင်းမပြောတတ်ခြင်း

ယောက်ျားတစ်ယောက်ရှေ့မှာ သူအထင်ကြီးတာကို ခံရဖို့အတွက်နဲ့ အခြားသော မိန်းကလေးတစ်ယောက်ကို ချမနင်းသင့်ပါဘူး။ မိန်းကလေးအချင်းချင်း နောက်ကွယ်မှာ မကောင်းပြောတာဟာ သင့်အပေါ်မှာ ယုံကြည်မှုလျော့နည်းသွားစေသလို စိတ်ဓာတ်မကောင်းဘူးလို့လည်း သတ်မှတ်ခံရနိုင်ပါတယ်။

ရေလိုက်ငါးလိုက် အဆင်ပြေအောင်နေတတ်ခြင်း

ဒါကတော့ အထူးသဖြင့် date လုပ်တဲ့အချိန်မှာ အခြေအနေပေါ်မူတည်ပြီး အလိုက်သင့်နေထိုင်တတ်တာကို ပြောတာပါ။ ဟိုတယ်စာမှ မဟုတ်ရင် မစားဘူး။ နာမည်ကြီးဆိုင်က မဟုတ်ရင် နိုးပဲဆိုတာမျိုးတွေ မလုပ်သင့်ပါဘူး။ ဘယ်သူမဆို အကောင်းကြိုက်ကြတာ မှန်ပေမဲ့ နာမည်ကြီးဆိုင် သွားတဲ့အခါလည်းသွား၊ တစ်ခါတစ်လေ လွယ်လွယ်ကူကူ အတန်အသင့် ဆိုင်လေးတွေမှာ ထိုင်လိုက်ကြမယ်ဆိုလည်း ကိစ္စမရှိပါဘူးဆိုတဲ့ စိတ်ဓာတ်မျိုးနဲ့ ကောင်မလေးတွေကို ပုရိသတွေက ကြွေကြပါတယ်။

တစ်ခြားမိန်းကလေးတွေနဲ့ ပြိုင်ဆိုင်လိုစိတ်မရှိခြင်း

ယောက်ျားလေးတွေဟာ အပြိုင်အဆိုင် သိပ်များတဲ့၊ ဟိတ်ဟန်ထုတ်လွန်းတဲ့ မိန်းကလေးတွေကို မနှစ်သက်ကြပါဘူး။ တစ်ခြားမိန်းကလေးတွေထက် သာအောင်၊ လှအောင် တမင်အားထုတ်ပြီး ၀တ်စားဆင်ယင်ထားမှန်း သိနိုင်၊ခံစားနိုင်ကြပါတယ်။ ဒါကြောင့် မနာလိုစိတ်တွေနဲ့ ပင်ပန်းပြီး သူများတွေနဲ့ပြိုင်မယ့်အစား ကိုယ့်ရဲ့ရှိရင်းစွဲအလှလေးတွေပေါ်အောင်လို့ပဲ ၀တ်စားဆင်ယင်ပါ။

ရည်မှန်းချက်ရှိခြင်း

ယောက်ျားလေးတွေဟာ စွန့်စားလိုစိတ်ပြင်းပြတာနဲ့အညီ ရည်မှန်းချက်ရှိတဲ့ မိန်းကလေးတွေကိုလည်း သဘောကျကြပါတယ်။  ယောက်ျားလေးတွေဟာ သူနဲ့အတူတူ လိုက်ရူးသွပ်ပေးနိုင်တဲ့ မိန်းကလေးမျိုးကို အလိုချင်ကြဆုံးပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *